ဒီသံသရာထဲက မထွက်နိုင်တဲ့ NLD (ပေးစာ)
အစိုးရဘာလုပ်လုပ် မကောင်းမြင်ရေးက သူတို့မူဝါဒ၊ ဒါကို ပြည်သူတွေယုံကြည်ရေးက သူတို့ လုပ်ဆောင်ချက်၊ တိုင်းပြည်နဲ့ အာဏာရရှိရေးက သူတို့ရည်မှန်းချက်။ ဒေါ်စုကြည်နဲ့ NLDပါတီ ဘာလိုချင်နေတာလဲမေးရင် ရှင်းပါတယ် တိုင်းပြည်ပဲ။ ဒါကလည်း မြန်မာနိုင်ငံ ပထ၀ီနိုင်ငံရေးအနေအထားအရ အာရှပစိဖိတ်ဒေသတွင်းအရေးပါမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်နဲ့တိုးတက်နေမှုတို့ကို ထိန်းချုပ်လိုမှုတို့အတွက် အနောက်နိုင်ငံတွေက (အထူးသဖြင့် အမေရိကန်) သူတို့ကြိုးကိုင်နိုင်မယ့် အစိုးရကို တင်မြှောက်နိုင်ရေးကျိုးပမ်းလာခြင်းရဲ့အကျိုးဆက်ပါပဲ။ နှစ်ပေါင်းနှစ်ကျော်ကြာ အုပ်ချုပ်လာတဲ့ နယက အစိုးရကို အမျိုးမျိုးဖိအားပေး ကြိုးကိုင်နိုင်ဘို့ကျိုးစားခဲ့ပေမယ့် နိုင်ငံရေးခိုင်မာမှု(Political Might)ကို ယိုင်နဲ့အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ သူတို့ရရှိသွားတာကတော့ (၂၁)ရာစုရဲ့ကမ္ဘာ့ အရေးအပါဆုံး အာရှ ပစိဖိတ်ဒေသတွင်း စီးပွားရေးနဲ့ မူဝါဒရေးရာ ဖြန့်ကျက်လွှမ်းမိုးနိုင်ရေးဟာ တရုတ်နိုင်ငံရဲ့ နောက်ရောက်သွားခဲ့ရတာပါပဲ။ ဒါကြောင့် အတိုက်အခံခေါင်းဆောင်ကို ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဓိကပေးဆပ်သူ ပြည်သူ့ခေါင်းဆောင် အဖြစ် အရောင်တင်ခဲ့ကြတယ်။ ဘာကြောင့်ပေးမှန်းမသိတဲ့ ဆုပေါင်း (၁၀၀)ကျော်ကိုပေးအပ်ခဲ့တယ်။ ဂေါ်ဘာချော့ ကိုနိုဘယ်ဆုပေးအပ်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲအောင် သပ်လျှိုပေးခဲ့တာကိုတောင် ပြန်သတိရမိတယ်။ ဒေါ်စု အစိုးရအာဏာရမှ မြန်မာနိုင်ငံထဲကို လွတ်လပ်စွာဝင်ထွက်ပြီး အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက် နိုင်မှာဖြစ် သလို၊ သူတို့ရဲ့ တရုတ်ဝိုင်းရံပိတ်ဆို့ရေးမူဝါဒ (China Containment Policy)ကိုလည်း ပုံဖော်နိုင်မှာပဲဖြစ်ပါတယ်။
တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးလာမှာကို မလိုလားတဲ့အတွက် ပိတ်ဆို့ဖြတ်တောက်ရေး (Doctrine of Emptic Action) ကျင့်သုံးဘို့ နိုင်ငံတကာကိုတောင်းဆိုတယ်။ ခရီးသွားတွေမလာကျဘို့ သတင်းမှားတွေ ဖြန့်ပြီးတော့ ပြည်တွင်း အခြေအနေမှန်များဖုံးကွယ် မတည်မငြိမ်ဖြစ်နေသယောင် လုံခြုံမှုမရှိသယောင် သတင်းမှားတွေ ဖြန့်ပြီးတော့ တားဆီး တယ်။ စီးပွားရေးအရ အင်အားနည်းလာတဲ့အတွက် ပြည်သူအတွက်ဝန်ဆာင်မှုတွေကို အတိုင်းအဆဖြင့်သာ ဆောင်ရွက် ပေးနိုင်စေခဲ့တယ်။ ပညာရေး၊ ကျန်းမာရေး မပြည်စုံမှု အခြေခံစားဝတ်နေရေးအကြပ်အတည်းများကို ထင်သာမြင်သာရှိ အောင် (Highlight) လုပ်ပေးပြီး အထွေထွေမကျေနပ်မှုများအသွင်ပြောင်းစေခဲ့တယ်။ အခွင့်အရေးရလျင်ရသလို ပြည်သူ တွေ လမ်းပေါ်ထွက်အောင်ကျိုးပမ်းခဲ့တယ်။ Signature Campaign, Letter Campaign, White Campaign စုံလို့ပါပဲ နောက်ဆုံးမလုပ်သင့်မလုပ်ထိုက်တဲ့ ရွှေဝါရောင်တော်လှန်ရေး( Saffron Revolution )ကိုပါဖန်တီးခဲ့ကြတယ်။ အာဏာ ရဘို့အတွက် အမျိုးဘာသာ သာသနာကိုပါ စတေးဘို့ဝန်မလေးတဲ့ စိတ်ဓါတ်ပါပဲ။ ထေရ်ဝါဒဗုဒ္ဓဘာသာ ထွန်းကား တဲ့နိုင်ငံမှာ အစိုးရနဲ့ ရဟန်းသံဃာတော်များကို ရန်တိုက်ပေးပြီး၊ နိုင်ငံတကာနဲ့ ဘားသာခြား တွေရဲ့အမြင်မှာ သာသနာ တော် ညှိုးနွမ်းအောင် ရည်ရွယ်ချက်ကြီးဖြင့် ဆောင်ရွက်ခဲ့ကြခြင်းပဲဖြစ်တယ်။ အစိုးရနဲ့ သံဃာထု ကြားတွင်သာမက သံဃာထုအတွင်းမှာလဲ အချင်းချင်းမသင့်မြတ်မှု ဂိုဏ်းဂဏကွဲမှုများ ဖြစ်ပေါ်လာခဲ့ရတယ်။ တစ်ဘက်ကကြည့်မယ်ဆိုရင် ကွန်မြူနစ်ဝါဒအစွန်းရောက်တွေ NLD ထဲမှာရှိနေတယ်ဆိုကို တွေရမှာဖြစ်ပါတယ်။
ဒီကြားထဲမှာ ဇာတ်ရှိန်ကိုထပ်မြှင့်ဖို့လုပ်တယ် အစိုးရသစ်က ဒီလောက်ဖြေလျော့ထားပြီပဲ၊ ဒါကို မကျေနပ်သေးတဲ့ ဒေါ်စုကြည်က မီးလင်းရေးတင်မဟုတ်ဘူး ဒီမိုကရေစီအရေးကိုလည်းတောင်းဆိုကြဘို့ တိုက်တွန်းတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဘို့ထောက်ခံပါတယ်တွေ ဘာတွေကပါလာပြန်တယ်။ ဒါဘာ သဘောလဲ ဘာ(Campaign)လို့ နာမည်တပ်အုံးမလဲမသိပါဘူး။ အစိုးရက နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ကတိပေး ထားတာပဲ။ သူက ပြန်လှည့်နေတာပဲ။ လူထုလှုပ်ရှားမှုကိုပဲ လုပ်တတ်တာလား။ ပါတီကိုကောင်းကောင်းမတည်ဆောက်ပဲ ခေတ်ပျက် မှပဲ နိုင်ငံလုပ်နိုင်တာလား စဉ်းစားစရာပဲဖြစ်ပါတယ်။ စွပ်စွဲလှချည်လားလိုတော့မပြောပါနဲ့ စဉ်စားရင် ရင်မောရ တာတော့ အမှန်ပါပဲ။ တကယ်တော့ ပြည်သူမျှော်လင့်တာအများကြီးပါ NLDက ကျေနပ်လောက်အောင်လည်း လုပ်မပေး၊ တခါလာလည်း ဒီနည်းဗျူဟာ နောက်တခါလာလည်း ဒီနည်းဗျူဟာနဲ့ ဒီသံသရာထဲက ဘယ်တော့လွန်မြောက်ပြီးတော့ တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ကြမှာလဲ မေးရတော့မှာပဲဖြစ်ပါတယ်။
Myanmar Express










