ရန်ကုန်၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃ သိန်း ဝယ်ယူလိုကြောင်း ဂျပန်နိုင်ငံ တိုယိုတာကုမ္ပဏီက
ကမ်းလှမ်းလာပြီး ရောင်းချရန် အတွက် သဘောတူညီချက် ရရှိလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး
လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံမှ
ဝယ်ယူလိုသည့် ဆန်မှာ ၅ မှတ်၊ ၁ဝ မှတ် စသည့် အရည်သွေးမြင့် တန်းမြင့်ဆန်များ ဖြစ်ကြောင်း သိရသည်။
“အခုပဲ ဂျပန်ကို ဆန်ရောင်းဖို့ သဘောတူညီလိုက်ပါပြီ” ဟု ဦးချစ်ခိုင်က ဇန်နဝါရီ ၂၁ ရက်တွင် ဓနုဖြူ
ခရီးစဉ်၌ ပြောကြားသည်။ ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ ရောင်းချရန်အတွက်
သဘောတူညီလိုက်ပြီ ဖြစ်သော်လည်း ဈေးနှုန်းကိုမူ ထပ်မံညှိနှိုင်းရဦးမည် ဖြစ်ကြောင်း ယင်းက
ဆက်လက် ပြောကြားသည်။ လက်ရှိအချိန်တွင် ကုန်သည်များ လက်ဝယ်၌ မြန်မာ့တန်းမြင့် ဆန်တန်ချိန် ၃
သိန်း ရှိထားပြီးဖြစ်ကာ တင်ပို့သည့် အခါတွင် အရစ်လိုက်ခွဲ၍ တင်ပို့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆန်စပါးလုပ်ငန်း အသင်းဗဟို အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ရန်ကုန်တိုင်းမ်သို့ ပြောကြားသည်။
“ဈေးနှုန်းကတော့ ညှိနေတုန်းပါပဲ။ တစ်လကို သင်္ဘော ဘယ်နှစ်ခေါက်
ပို့ဖြစ်မလဲဆိုတာ ဆွေးနွေးနေပါတယ်။ ဆက်ပြီး ဆွေးနွေးရဦးမှာတွေ ရှိနေသေးတယ်” ဟု ဒေါက်တာ
စိုးထွန်းက ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာ့ဆန် ပြည်ပတင်ပို့မှု ဈေးကွက်သည် လွန်ခဲ့သည့် ၃ လခန့်မှ
စတင်ကာ အိန္ဒိယနိုင်ငံက အရန်ဆန်များ ထုတ်ရောင်းသည်မှစ၍ ရပ်ဆိုင်းနေခဲ့ကာ ယခုကဲ့သို့ များပြားသည့်
ဝယ်လိုအား ရှိလာခြင်းက ဈေးကွက် တိုးတက်မှုအပြင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်ရေး
တည်ငြိမ်စေရန် လမ်းစဖြစ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
“မြန်မာနိုင်ငံမှာက စပါးဈေး နည်းနည်းကျရင် တောင်သူတွေက စိုက်တာ လျှော့လိုက်တယ်။ တက်ရင်
ပိုစိုက်တယ်။ ဒီလိုနဲ့ သံသရာ လည်နေတာ။ အခုလို ဝယ်လိုအားပမာဏ များများသာ ပုံမှန်ရှိနေရင်
စိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှု ဈေးကွက်တွေ တည်ငြိမ်ဖို့ လမ်းစဖြစ်လိမ့်မယ်” ဟု ဒေါက်တာ
စိုးထွန်းက သုံးသပ် ပြောကြားသည်။ လက်ရှိ အချိန်တွင် သုံးလကျော်
တုံ့ဆိုင်းနေသော မြန်မာ့ဆန် ပြည်ပတင်ပို့သည့် ဈေးကွက်သည် ယင်းကာလ အစောပိုင်းတွင် ၂၅ မှတ်
ဆန်တစ်တန်လျှင် ၄၁၅ ဒေါ်လာအထိ ဈေးရရှိခဲ့သော်လည်း အိန္ဒိယက ဈေးကွက် လုလာသည့်အခါ
တစ်တန်လျှင် ဒေါ်လာ ၃၅၀ နှင့်ပင် ဝယ်လက် မရှိဖြစ်ခဲ့ရာမှ ယခု ဇန်နဝါရီလ ဆန်းပိုင်းတွင် စုပေါင်းစနစ်ဖြင့်
တန်ချိန် ၁၅၀၀၀ ခွဲကို အနောက်အာဖရိကသို့ တင်ပို့နိုင်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၈ သိန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၅
သိန်းခွဲ တင်ပို့နိုင်ခဲ့ကာ ယခု ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုသည် တန်ချိန် ၎
သိန်းခွဲဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။
ထင်လင်းအောင်
hlaung@yangonmedia.com

0 comments:
Post a Comment