လယ်တီဆရာတော်ကြီးသည် မြန်မာနိုင်ငံ သာသနာဝင်တွင်
လျှမ်းလျှမ်းတောက် ကျော်ကြားလှသည်နှင့် အမျှဗုဒ္ဓဘာသာဝင် အများစု၏ ကြည်ညိုကိုးကွယ်မှုကို
ခံယူရရှိတော်မူသော ဆရာတော်ကြီးဖြစ်ပါသည်။
ဆရာတော်ကြီးသည် ရတနာသုံးပါး၊ ပါဋိပတ်၊ ပရိယတ်ဖြည့်ဆည်းရာ၌ ခန္ဓာကိုယ်ကို
လုံးဝအငဲ့အကွက်မရှိဘဲ ဖြည့်ဆည်းတော်မူပါသည်။ သာသနာတော်အတွက် ခန္ဓာကိုယ်ကိုနားချိန်ဟူ၍
လုံးဝမပေးပေ။အဘက်ဘက်မှ မနားမနေ ရွပ်ရွပ်ချွံချွံ အားထုတ်ဆောင်ရွက်တော်မူပါသည်။
နေ့စဉ်စာချ၊ စာရေး၊ ဟောပြောခြင်းများကိုသာ ဆောင်ရွက်ရုံဖြင့် အားရတော်မမူချေ။
သံဃာတော်များအတွက် တစ်မြို့လုံးလှည့်လည်၍ ဆွမ်းခံကျွေးတော်မူပါသည်။ ယင်းဆွမ်းခံဝတ်ကြီးကို
အနှစ်(၂၀) တိုင်အောင် စွဲမြဲကျင့်ဆောင်တော်မူပါသည်။
ထို့အပြင် သံဃာတော်များ စားသောက်ပြီးသော ပန်းကန်များကိုပင် ဆေးခြင်း၊ အနုတံများ ဆေးခြင်း
စသော ဝေယျာဝစ္စများကိုလည်း မလစ်ဟင်းအောင် ဆောင်ရွက်တော်များပါသည်။
အချို့ အားနာသော ဘုန်းတော်ကြီးများက -
'လယ်တီဘုန်းကြီး သည်လိုမလုပ်ပါနဲ့၊ တော်လောက်ပါပြီ' ဟု တားမြစ်ကြရာ ဆရားတော်ကြီးက -
' တပည့်တော်ကို သနားရင် ခွင့်ပြုပါ။ တစ်သံသရားလုံး တပည့်တော်ရဲ့ လက်တွေ ခြေတွေဟာ သားကျွန်၊
မယားကျွန်ဖြစ်ခဲ့ရပါတယ်။ သံဃာကျွန်၊ သာ့သနာကျွန်အဖြစ် အမှုပြုခွင့်ပေးကြပါ' ဟု ပြန်လျှောက်
ထားတော်မူပါသည်။
'ခန္ဓာကိုယ် အငှားနွားကြီးကို တန်အောင်ခိုင်းပေးမှဟေ့' ဟု မကြာခဏ ကြိမ်းလေ့ရှိပြီး
စေတီယင်္ဂဏ၀တ်၊ သံဃာ့ဝတ်များကို ပြင်းပြင်းထန်ထန်ပင် ဆောင်ရွက်တော်မူပါသည်။
ဆရာတော်ကြီးသည် သာသနာတော်အတွက် ခန္ဓာကိုယ်ကို လုံးဝငဲ့ကွက်တော်မမူခြင်းနှင့် ပတ်သက်၍
ထင်းရှားသော ဖြစ်ရပ်တစ်ခု ရှိပါသည်။
တစ်နေ့ သ၌ ဆရာတော်ကြီးသည် ရေချိုးနေစဉ် ရေးလက်စစာနှင့်ပတ်၍
စိတ်ကူးပေါ်လာသဖြင့် ရေသနုပ်မလဲဘဲ ရေရွဲရွဲစိုသော ကိုယ်ခန္ဓာဖြင့် ရေးလက်စစာကို
ဆက်၍ ရေးနေလေတော့သည်။ တပည့်များက မလျှောက်ဝံ၍ သီတင်းသည်
အဖြစ်လာရောက် နေထိုင်သော
ဓါတ်ဆရာကြီး ဦးမြို့အားလျှောက်ထားပေးရန် တောင်ပန်၍ ဦးမြို့ က လျှောက်ထားသောအခါ
ဆရာတော်ကြီးက -' ဟေ့ မောင်မြို့ ရ ၊ ခန္ဓာကိုယ်ကြီး အလိုလိုက်နေရင် ကြံစည်ထားတဲ့စာ
အဓိပ္ပါယ်တွေ ပျောက်ကုန်မှာပေါ့၊ ခန္ဓာကိုယ်ကြီးက စာတစ်လုံးလောက် တန်ဖိုးမရှိပါဘူးကွာ' ဟု
မိန့်တော်မူလျက် ရေးလိုသော စာကို ပြီးဆုံးအောင် ရေးလေတော့သည်။
မင်းနန်(မော်ကျွန်း)
နတ်၌ဖြစ်သော ရနံ့ သင်းပျံ့ သော ဆရာတော်ကြီးများ (စာ-၉၃-၉၄) - စာအုပ်မှ ကောက်နှုတ်ရေးသားပါသည်။

0 comments:
Post a Comment