Saturday, September 3, 2011

ဗမာ့လွတ်လပ်ရေး ကြေညာသော အခမ်းအနား၌ မိန့်ဆိုသော စစ်သေနာပတိမိန့်ခွန်း

Posted by မျိုးချစ်သူရဲကောင်းများ On 7:16 PM 0 comments

ဤနေ့၊ ဤအချိန်၊ ဤအခါတွင် ကျွန်ုပ်တို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင် ချစ်ခင်ဘွယ်ဖြစ်သော

ဗမာနိုင်ငံတော်သည် အရှေ့အာရှတိုက်ကြီး လွတ်မြောက်ရေး၏ ရှေ့တော်ပြေးအဖြစ် အငြိုးကြီးစွာ

ဖိစီးနှိပ်ကွပ်သော အင်္ဂလိပ်တို့၏ ချုပ်ကိုင်ကြပ်တင်း လက်အတွင်းမှ ဖျက်ခွင်းလွတ်မြောက်အောင်ပြု၍ 

လွတ်လပ်ရေးတည်းဟူသော အသရေကို ဆောင်ယူခဲ့ပြီးဖြစ်သည်ကို တွေ့မြင်ရသဖြင့် ကျွန်ုပ်မှာ 

လွန်ကဲသော ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပါသည်။ လွတ်လပ်ရေးကို ရရှိအောင်မြင်သဖြင့်

ဗမာတမျိုးလုံးသာလျှင် ရွှင်လန်းဝမ်းမြောက်ခြင်းမဟုတ်၊ တကမ္ဘာလုံးရှိ လူအပေါင်းတို့လည်း 

ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပေသည်။

ထိုမျှမကသေး၊ မဟာအရှေ့အာရှတိုက်ရှိ သိန်းသန်းများစွာ ရှိကုန်သော အရှေ့အာရှတိုက်သားများအပြင်

ကမ္ဘာ့ခေတ်သစ်ကို ထူထောင်ရန် နေ့စဉ်နှင့်အမျှ ရဲရင့်စွာ စစ်တိုက်ခိုက်နေသော မဟာမိတ်နိုင်ငံများရှိ 

လူအပေါင်းတို့မှာလည်း ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်မည်ကား မလွဲဧကန်ပင်တည်း။

စစ်မှုအုပ်ချုပ်ရေး အခြေအနေမှတဆင့် တိုးမြင့်သော အခြေအနေသို့ တက်ရောက်လာသော ဤနေ့၊ 

ဤအချိန်၊ ဤအခါ၊ ဤအခမ်းအနားတွင် ဘ၀သစ်ကို ရရှိလာသော ဗမာနိုင်ငံတော်သစ်ကို စတင် 

ထူထောင်နိုင်ပါစေသတည်းဟု ကျွန်ုပ်က ကောင်းချီးမင်္ဂလာ သြဘာစကား ပြောကြားလိုသည့်အပြင်

ဗမာအပေါင်းတို့အား မေတ္တာလက်ဆောင်အဖြစ်ဖြင့်လည်း မိမိ၏ထင်မြင်ချက် အနည်းငယ်တို့ကို ပြောကြား၍ 

ဗမာတို့၏ နောင်ရေးအတွက်ကိုလည်း ကောင်းမြတ်သော 

ဆုတောင်းမင်္ဂလာ သြဘာစကားကို ပြောကြားလိုပါသည်။

ရှေးဦးစွာ အသင်တို့အား ဗမာနိုင်ငံသစ်ကို စစ်ကြီးအတွင်းမှာ တည်ထောင်ထားသည်ဟု

သတိထားစေလိုပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ရန်သူလည်းဖြစ်သော၊ ဗမာတို့၏ ရန်သူလည်းဖြစ်သော

အင်္ဂလိပ်နှင့် အမေရိကန်တို့ကို အပြီးအပြတ် လက်နက်ချအပ်သည်တိုင်အောင် သာသနာရေးစစ်ပွဲကြီးပမာ

တိုက်ခိုက်ရန် အာရုံတခုတည်းကို ထားရှိရန် သတိထားစေလိုပါသည်။

ဤအချိန်အခါတွင် အရှေ့အာရှတိုက်သားတို့သည် မဟာအာရှတိုက်ကြီး လွတ်လပ်အောင် အင်္ဂလိပ်နှင့်

အမေရိကန်တို့ကို သုတ်သင်ရန် တရားလမ်းကျသော၊ မြတ်သော ဤစစ်ပွဲကို တိုက်နေသည်ဟု သင်တို့လည်း

သိပြီးဖြစ်သည်။ ဤစစ်ပွဲကြီး အပြီးအပြတ်မနိုင်သမျှ ကာလပတ်လုံး မဟာအရှေ့အာရှတိုက်ကြီးသည် 

မည်သည့်အခါမျှ လွတ်မြောက်နိုင်မည် မဟုတ်။ မဟာအရှေ့အာရှတိုက်ကြီး မလွတ်မြောက်သမျှ 

ကာလပတ်လုံး ဗမာနိုင်ငံသစ်၏ လွတ်လပ်ရေးလည်း ခိုင်မြဲသေးမည်မဟုတ်။ ဗမာအပေါင်း၏ ရွှင်လန်း 

ဝမ်းမြောက်ခြင်းသည်လည်း တကယ့် ရွှင်လန်း ၀မ်းမြောက်ခြင်း ဖြစ်နိုင်မည်မဟုတ်သေးချေ။ ထို့ကြောင့် 

ဤစစ်အောင်မြင်မှုသည် ရှေးဦးစွာ လိုအပ်သော အခြေခံအဓိက အချက်ကြီးဖြစ်လေသည်။

ဤစစ်ကြီးကို အောင်မြင်နိုင်သောအခြေအနေသည် ကျွန်ုပ်တို့၏ လက်ဝယ်ရောက်ရှိနေပြီး အောင်မြင်ရန် 

အခြေခံ အုတ်မြစ်ကိုလည်း ချပြီးလေပြီ။ ထို့ကြောင့် ဗမာအပေါင်းတို့သည် နိပွန်အရှင် ဧက္ကရာဇ်မင်းမြတ်၏ 

တပ်မတော်များကို ယုံကြည်ကိုးစား၍ နိပွန်နိုင်ငံတော်ကြီးနှင့် ရင်းနှီးစွာ လုံးဝပူးပေါင်း ဆောင်ရွက်ပြီးလျှင် 

နိပွန်၊ ဗမာတို့၏ ရန်သူတို့ကို အပြီးအပိုင် ဖျက်ဆီးသုတ်သင် သင့်လေသည်။ များမကြာမှီပင်လျှင် 

ကျွန်ုပ်တို့သည် အောင်ပန်းကို ဆင်မြန်းရတော့မည် အမှန်ဖြစ်လေသည်။

ကျွန်ုပ် သတိပေးလိုသည်မှာ စစ်ပွဲကြီးကိုလည်း တိုက်ခိုက်နေစဉ် ယင်းသို့

တိုက်ခိုက်နေသောအချိန်တွင် နိုင်ငံသစ်ကိုလည်း ပြန်လည် ထူထောင်နေစဉ် ဤစစ်ပွဲကြီးကို 

အပြီးအတိုင် အောင်နိုင်သည့်နေ့အထိ အပျော်ကြူးမှု၊ စည်းစိမ်ခံစားမှုတို့ကို

လုံးဝမပြုရန် ဖြစ်သည်။ ပေါ့ပေါ့ဆဆ ပျင်းရိ ဖင့်နှဲ့ခြင်းကိုလည်း လုံးဝမပြုရန်ုဖြစ်သည်။ 

ဗမာနိုင်ငံသားတို့သည် တွေ့ကြုံရမည့် အခက်အခဲတို့ကို ကျော်နင်းနိုင်ရမည်ဟု စိတ်ပိုင်းဖြတ်၍

အသက်စည်းစိမ်တို့ကို ဗမာနိုင်ငံအတွင်း စွန့်လွှတ်ရန် ဖြစ်သည်။ သေးဖွဲသော သဘောကွဲလွဲမှုတို့ကို 

လုံးဝဥပက္ခာပြု၍ အရေးကြီးသောကိစ္စတို့၌သာ စည်းစည်းလုံးလုံး 

ညီညီညွတ်ညွတ်နှင့် ဆောင်ရွက်ရမည်။ ဆောင်ရွက်ရာတွင်လည်း ဆိုင်းတွဖင့်နှေးခြင်းမရှိဘဲ

လျှပ်ပြက်သကဲ့သို့ လျင်မြန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရမည်။

နိုင်ငံထူထောင်သောအရေးမှာ လွယ်ကူသော အရေးမဟုတ်။ အလွန်ခက်ခဲသောအရေးဖြစ်သည်။ 

အထူးသဖြင့် စစ်အတွင်းမှာ သာ၍ခက်ခဲသည်။ လူ့ပြည်မှာ အကျိုးခံစားရခြင်းသည် နတ်ပြည်မှာ 

အကျိုးခံစားရခြင်းထက် သာလွန်ကောင်းမွန်သည်။ ထို့ထက် သာလွန် ကောင်းမွန်သည်ကား လူ့ပြည်တွင် 

လူအပေါင်းတို့ အချင်းချင်း အေးချမ်းသာယာစွာ အညီအညွတ်နေခြင်းပင် ဖြစ်သည်ဟု တရုတ်စကားပုံတခု 

ရှိလေသည်။ ဤစကားပုံသည် သိအပ်မှတ်အပ်သော စကားပုံခုပင် ဖြစ်သည်။ ဗမာနိုင်ငံဝယ် အထက်ပါ

အကျိုးခံစားမှုတရား နှစ်ပါးစလုံးပင် ရှိ၏။ ဗမာအပေါင်းတို့ကလည်း အေးချမ်းသာယာစွာ

အညီအညွတ် နေထိုင်ကြလျှင် အထက်ပါ အခက်အခဲတို့သည် များမကြာမှီ ကုန်ဆုံးပပျောက်ရန် 

အကြောင်းရှိသည်။

ဗမာအပေါင်းတို့သည် မိမိ၏ ရှေးက အဖြစ်သနစ်ကို ပြန်လှန်သတိရပါ။ 

အင်္ဂလိပ်တို့ ပြုကျင့်ခဲ့သည်များကိုလည်း ပြန်လှန်၍ စဉ်းစားပါ။ လွန်ခဲ့သော အနှစ်တရာလောက်က 

အင်္ဂလိပ်တို့သည် ဗမာများ တနေ့တခြား ရေနည်းငါးကဲ့သို့ အင်အားချည့်နဲ့ အောင်ဗမာ အမျိုးသားအချင်းချင်း 

ရန်တိုက်ပေးခဲ့ကြလေသည်။ နိုင်ငံရေး ဂိုဏ်းအချင်းချင်းကိုလည်း ရန်တိုက်ပေးခဲ့ကြလေသည်။ ယင်းသို့ 

ရန်တိုက်ပေးပြီးလျှင် အလုပ်ကို ထိရောက်အောင် မလုပ်စေဘဲ အကျိုးမဲ့သော

အငြင်းစကားဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့ကြသည်။ အသင်တို့သည် ဤကဲ့သို့သော

အင်္ဂလိပ်တို့၏ ပရိယာယ်ညွှတ်ကွင်းသို့ 

ချဉ်းနင်းဝင်ရောက်မိသော သားကောင်ပမာ မသိလိုက်မသိဖာသာ ဖြစ်ခဲ့ရလေသည်။

ယခုအခါတွင် အသင်တို့သည် သတ္တိဗျတ္တိနှင့် ပြည့်စုံသင့်ကြလေပြီ။ အတိတ်ကာလ 

သဘောကွဲပြားမှုကိုလည်း စွှန့်လွှတ်၍ အသင်တို့သည် ဆင်းရဲချမ်းသာမရွေး၊ လူမျိုးမရွေး၊ 

ဘာသာမရွေး မြင့်မြတ်သော ရည်ရွယ်ချက်ကြီးကို အဓိကထားပြီးလျှင် ထိုရည်ရွယ်ချက်ကြီးအတွက် 

အသက်စည်းစိမ်ကို ပူဇော်သင့်ကြလေပြီ။ ဗမာလူမျိုးအားလုံးသည် တစိတ်တ၀မ်းတည်းဖြစ်၍ 

ညီညွတ်တောင့်တင်းရမည်။ အကျိုးမဲ့ အငြင်းအခုံ မဖြစ်ပွားစေသင့်ဘဲ အလုပ်ရှိသမျှကို တွင်ကျယ် 

လျင်မြန်စွာ လုပ်ဆောင်၍ နိုင်ငံ၏ အခြေခံအုတ်မြစ်ကို ခိုင်မြဲစွာ ချသင့်လေပြီ။


0 comments:

Post a Comment

LIKE BOX