ဒါကြောင့် ဗမာပြည်ရဲ့ အဓိကလုပ်ငန်းဟာ ကာကွယ်ရေး ပထမ၊ ကာကွယ်ရေး ဒုတိယနဲ့
ကာကွယ်ရေး နောက်ဆုံးဖြစ်တယ်။ ကာကွယ်ရေးကို အခြေခံပြီး ကျွန်တော်တို့တတွေ
ဗမာနိုင်ငံတော်သစ်ကို
တည်ဆောက်ကြရမယ်။ အဲဒီ့နောက် ဗမာပြည်ဟာ တောင့်တင်းခိုင်မာတဲ့
ပထမတန်းစား နိုင်ငံတနိုင်ငံ ဖြစ်လာမယ်။ ဒီအကျိုးကျေးဇူးတွေနဲ့ ကျွန်တော်တို့ အမြဲတန်း ပျော်ပျော်ရွှင်ရွှင်
ခံစားနေနိုင်ကြမယ်။ ဗမာပြည်ကို တည်ဆောက်နေတာ အုန်းပင်၊ ထန်းပင် စိုက်တာနဲ့ တူတယ်လို့
ကျွန်တော်တို့ နားလည်ကြရမယ်။ အုန်းပင်က အချိန်အကြာကြီး ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့နောက်မှ
အကျိုးခံစားရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ငှက်ပျော်စိုက်သလို အချိန်တိုတိုလေးနဲ့ အသီးစားရတာ
မဟုတ်ဘူး ဆိုတာလည်း ကျွန်တော်တို့ နားလည်ကြရမယ်။ ကျွန်တော်တို့ အလုပ်ဟာ ကျွန်တော်တို့
သက်တမ်းအတွင်း အကျိုးခံစားရမှာ မဟုတ်ဘူးလို့ ထင်ရင်း လွယ်လွယ်ချောင်ချောင်လေး
ဆက်နေကြမယ်ဆိုရင် ကျွန်တော်တို့ ရာဇ၀င်ကျွေးမကြေဘဲ ကျန်ရစ်မှာပဲ။ ဒီအတိုင်းလုပ်ရင်တော့ ဒုစရိုက် ၅
ပါး ကျူးလွန်သူများ ကမ္ဘာတည်သရွေ့ နောက်ဆုံးအချိန်အထိ အကုသိုလ်အပြစ်ဒဏ် ခံစားနေကြရသလို
ရာဇ၀င်က ကျွန်တော်တို့ကို ဒဏ်ခတ်မှာပဲ။ ကျွန်တော်တို့ ဘယ်လိုလဲ။ ကျွန်တော်တို့လည်း
အဂတိမလိုက်စားတဲ့ ရာဇ၀င်တရားခုံရုံးက ပြည်သူတွေကို ကျဆုံးပျက်ဆီးအောင် လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့
အကုသိုလ် အပြစ်ဒဏ်ပေးတာ ခံရမှာပဲ။ ဒီတော့ ရာဇ၀င်မှာ ရဲရင့်တဲ့ ဗမာအမျိုးသားကြီးတွေအဖြစ်
မခံယူနိုင်တဲ့ ဒီလိုအောက်တန်းကျတဲ့ လူတွေ အဖြစ်ခံမလား။ ရာဇ၀င်ကို အိုးမဲသုတ်တဲ့ အောက်တန်းကျတဲ့
အညံ့စားလူတွေ အဖြစ်ခံမလား။ ဗမာအမျိုးသားများ ဒါကို စဉ်းစားကြပါ။ ကျွန်တော်တို့ အခုလွတ်လပ်ရေး
ရခဲ့ကြပြီ။ ရရှိတဲ့ လွတ်လပ်ရေးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး တည်တန့်ခိုင်မြဲအောင်
လုပ်ခြင်းဖြင့် ပျော်ရွှင်စွာ ခံစားဘို့ ကျွန်တော်တို့ ကြိုးစားကြရပေမယ်။
0 comments:
Post a Comment