Friday, May 11, 2012

သတင်းသမားများအား ကာကွယ်ပေးမည့် ဥပဒေ ပေါ်လာရန် ၀ါရင့်သတင်းစာဆရာများ တောင်းဆို

Posted by မျိုးချစ်သူရဲကောင်းများ On 4:38 PM 0 comments


From :နန်းတင်ထွေး
အတွဲ ၂၉ ၊ အမှတ် ၅၆၈ (၁၁ - ၁၇ ၊ ၅ ၊ ၂၀၁၂)
မကြာမီတွင်ပေါ်ပေါက်လာမည့် မီဒီယာ ဥပဒေသစ်မှာ သတင်းသမားများအား ကာကွယ်မည့်ဥပဒေနှင့် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသည့် ဥပဒေဖြစ်သင့် ကြောင်း ၀ါရင့်သတင်းစာဆရာကြီးများ က မြန်မာနိုင်ငံ၌ ပထမဆုံးကျင်းပသည့် ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ တွင် ပြောသည်။

"သတင်းသမားတွေကို ဖိနှိပ်မယ့် ဥပဒေတွေကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ကျွန်တော်တို့တွေကို ကာကွယ်ပေးမယ့် ဥပဒေတွေကိုပဲ လိုချင်ပါတယ်" ဟု ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက မေလ ၃ ရက် နေ့က ရန်ကုန်မြို့၊ စင်ထရယ် ဟိုတယ်တွင် ကျင်းပခဲ့သော ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ပြောသည်။

၎င်းကဆက်လက်၍ ပေါ်ပေါက်လာမည့် မီဒီယာဥပဒေမှာလည်း နိုင်ငံတကာ စံနှုန်းမီဖြစ်သင့်ကြောင်း ပြောသည်။

"မြန်မာနိုင်ငံအတွက် သတင်းစာ လွတ်လပ်ခွင့်တို့၊ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီဆိုတာမျိုးကို မလိုချင်ပါဘူး။ ကျွန်တော်တို့လို ချင်တာက နိုင်ငံတကာ မှာ ကျင့်သုံးနေတဲ့ မီဒီယာလွတ်လပ်ခွင့် ပါ"ဟု မောင်ဝံသက ပြောသည်။

"Challenges to Media in a new environment" ခေါင်းစဉ်ဖြင့် ကျင်းပသော ထိုအခမ်းအနားသို့ နိုင်ငံခြား သတင်းထောက်များ အပါအ၀င် ပြည် တွင်းသတင်းစာစောင်များမှ သတင်းသမား ၇၀ ကျော်တက်ရောက်ခဲ့သည်။ "ဒီ World Press Freedom Day ကို မျှော်လင့်ချက်နဲ့ ကျင်းပတာ။ တစ်နေ့ မှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံ ပီပီသသဖြစ်လာရင် ရေမြင့်ရင် ကြာတင့်တဲ့သဘောနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် လည်းရလာမယ်လို့ မျှော်လင့်တယ်"ဟု မောင်ဝံသက ပြောသည်။

Favourite News ဂျာနယ်၏အမှု ဆောင်အယ်ဒီတာ ဆရာဖိုးသောကြာကမူ "သတင်းသမားနှင့် နိုင်ငံရေးဟာ ခွဲမရ တဲ့အမြွှာလိုပဲလို့ ပြောကြတယ်။ ဒါပေမယ့် သတင်းသမားတွေဟာ ဘယ်တော့မှ အာဏာရဖို့ကို မကြိုးစားဘူး။ သူတို့ ကြိုးစားတာက အချုပ်၊ အခြာ၊ အာဏာ ဆိုတဲ့မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ဖို့ပဲ" ဟု ပြောသည်။

အခမ်းအနားတွင် ဆရာမောင်ဝံသက ကိုလိုနီခေတ် ၁၉၄၅ ခုနှစ်မှ စာပေစိစစ် ရေး စတင်ပေါ်ပေါက်လာသော ကာလ အတွင်း မြန်မာနိုင်ငံ၏ပြောင်းလဲ လာသော သတင်းလွတ်လပ်ခွင့်အခြေ အနေနှင့် သမိုင်းကြောင်းများအား ရှင်းလင်းပြောပြခဲ့သည်။

"ကိုလိုနီခေတ် ဗြိတိသျှလက်အောက်မှာတောင် ကျွန်တော်တို့နိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အပြည့်ရှိခဲ့တယ်။ တောင်သူလယ်သမား တွေရဲ့ အရေးတော် ပုံတွေကို လွတ်လွတ်လပ်လပ်ဖော်ပြခွင့် ရခဲ့ကြတယ်"ဟု ၎င်းကပြောသည်။

ထိုအခမ်းအနားသို့ တက်ရောက်လာသော မဇ္ဈိမသတင်းမီဒီယာ Managing Editor ဖြစ်သူ ဦးဝင်းကျော်ဦးက မြန်မာ နိုင်ငံတွင် ပထမဆုံးသတင်းလွတ်လပ် ခွင့်နေ့ကျင်းပခြင်းဖြင့် သတင်းသမားများသာမက လူထုကြားတွင်ပါ သတင်း လွတ်လပ်ခွင့်၏ အရေးပါပုံကို ပိုမိုသိရှိ လာစေမည်ဖြစ်ကြောင်း ပြောသည်။

သို့သော်အခြားတစ်ဖက်တွင်မူ မြန်မာ သတင်းသမားများမှာ သတင်းလွတ်လပ် ခွင့်အတွက် အဆင်သင့်အနေအထား လည်းမရှိသေး ကြောင်းနှင့် သတင်းစာ ပညာလေ့လာနိုင်သည့် အရင်းအမြစ်များ ရှားပါးခြင်းမှာလည်း အကြာင်းရင်း တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

"တက္ကသိုလ်တွေမှာ သတင်းစာပညာ တွေတက်လာမှ၊ သင်တန်းကျောင်းတွေ တက်လာမှ သတင်းထောက်လုပ်လို့ရ တာ မဟုတ် ပါဘူး။ အားလုံးပဲ လုပ်ရင်းနဲ့ သင်ကြတာပါပဲ။ ဒါပေမယ့် အဲဒီလို သင်တန်းတွေ တက်ထားမယ်ဆိုရင် အလုပ်လုပ်တဲ့အခါမှာ ပိုပြီး ကောင်းတယ်"ဟု ဦးဝင်းကျော်ဦးက ပြောသည်။

မြန်မာဂလိုဘယ်ပို့စ် ဂျာနယ်၏ ဓာတ်ပုံသမား ကိုအောင်ပြည့်ကမူ ၀ါရင့် သတင်းစာဆရာကြီးများနှင့် လူငယ် သတင်းထောက်များ ကြားတွင် ကွာဟချက်များရှိနေသည်ဟု ရှုမြင်ကာ ထို ကွာဟချက်များအား ကျဉ်းမြောင်းသွား အောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောသည်။

"သတင်းစာဆရာကြီးတွေအနေနဲ့ သူတို့ပဲသိတယ်၊ တတ်တယ်၊ လူငယ် သတင်းသမားတွေကတော့ ဘာမှမသိဘူးဆိုတာမျိုး လုပ်လို့ မရဘူး။ သူတို့ အနေနဲ့ သူတို့မှာရှိတာတွေကို မျှဝေဖို့ လိုတယ်။ "ပြီးတော့ လူငယ်သတင်းထောက်တွေ သူတို့ရဲ့တိုက်တွေ၊ နေရာ တွေမှာ မပျော်ကြဘူး။ အထက်က သူတို့ကို မကြည့်ဘူးလို့ ခံစားနေကြရတယ်။တစ်တိုက်တည်းမဟုတ်ဘူး။ အားလုံးပဲ။ ဒါဟာ ဘာဖြစ်တာလဲ။ အဲဒါကိုလည်း အဖြေရှာဖို့လိုတယ်"ဟု ကိုအောင်ပြည့် က ပြောသည်။

0 comments:

Post a Comment

LIKE BOX