Thursday, May 10, 2012

`ဝ`အဖွဲ့နှင့် တရုတ် လက်ဝါးရိုက် ကြံစည်မှူနောက်ကွယ်

Posted by မျိုးချစ်သူရဲကောင်းများ On 10:17 PM 0 comments


`ဝ`ပြည်နယ်မှာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဘိန်းလုံးဝ မစိုက်တော့ကြောင်း၊ ဘိန်းပင်တစ်ပင်မှ မရှိတော့ကြောင်း UWSA ခေါင်းဆောင်ကြီးပိုင်းတွေက နိုင်ငံတကာမှာ အသံကောင်း တွေဟစ်၊ ဖမ်းဆီးရမိပြီး နိုင်ငံတကာကို စာရင်းဖျောက်လို့မရတဲ့ မူးယစ်ဆေးဝါးတွေကိုကျမှ မီးရှို့ဖျက်ဆီးပြနေပေမယ့် `ဝ` ခေါင်းဆောင်တွေနဲ့ `ဝ`နယ်ထဲကလူတွေကတော့ ဘိန်းစိုက်ပျိုး ထုတ်လုပ်တာကလွဲလို့ တခြားအသက်မွေးဝမ်းကြောင်းနဲ့ စီးပွားရေးကို ဘာမှမလုပ်တတ်တော့ ဘိန်းစိုက်တာကိုပဲ ဆက်လုပ်နေကြတယ်လို့ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ ONCB က မှတ်ချက်ချထားပါတယ်။

`ဝ`အောက်ခြေလူတန်းစားတွေက ဘိန်းပင်တွေစိုက်၊ ဘိန်းမည်းအဆင့်လောက်ကိုပဲချက်ပြီး ရောင်းရတဲ့အဆင့်ပါ။ ထွက်လာတဲ့ ဘိန်းမည်းတွေကိုကျမှ `ဝ`ခေါင်းဆောင်ကြီးတွေက ဝယ်ယူပြီး (တခြားရောင်းလို့မရအောင် အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်) အဖြူ အဆင့်ရောက်အောင်ချက်၊ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ ဖြန့်ဖြူးရောင်းချ စီးပွားဖြစ်နေကြတာပါ။
အဲဒီလို ထုတ်လုပ်ပြီးမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေတဆင့် ထိုင်းနိုင်ငံကိုပို့တယ်၊ ရောင်းတယ်၊ အဲဒီကနေမှတဆင့် တရုတ်နိုင်ငံကို သယ်တယ်။ ထိုင်းနဲ့ တရုတ်ကနေမှတဆင့် တစ်ကမ္ဘာလုံးကို ဖြန့်တာပါ။ ဒါကြောင့်မို့ အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ DEA က `ဝ`တပ်မတော်ဟာ အရှေ့တောင်အာရှက အင်အားအကြီးမားဆုံး မူးယစ်ဆေးဝါးကုန်သွယ်အဖွဲ့လို့ မှတ်ချက်ချထားပြီး `ဝ`ခေါင်းဆောင်တွေကိုလည်း မူးယစ်ရာဇာတရားခံအဖြစ် ကြေငြာခဲ့ပါတယ်။

“ ၀ ” ဒေသရဲ့ ဘိန်းဖြူနဲ့ ပတ်သတ်လို့ ရရှိတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ကုမ္ပဏီများ ထူထောင်ခဲ့ပါတယ်။ ဒီလိုထူထောင်ရာတွင် ဟုန်ပန်းကုမ္ပဏီများအုပ်စုကို ထူထောင်ခဲ့ပြီး ခ၀ါချခဲ့ပါတယ်။ ဟုတ်ပန်းကုမ္ပဏီတွေကို ဝေရှောက်ခန်းက ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝေရှောက်ခန်းရဲ့ မွေးစားသားလည်းဟုတ် လူယုံတပည့်လဲဟုတ်တဲ့ လောစန်းကို တာဝန်ပေး အပ်ခဲ့ပါတယ်။ ဟုန်ပန်းကုမ္ပဏီမှ သော်တာဝင်း ကုမ္ပဏီသို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် လောစန်းမှ တပည့်ဖြစ်သူ စိုင်းဖီးလစ်ရီ ခေါ် ဖီးလစ်ကို သော်တာဝင်းကုမ္ပဏီတာဝန်ခံအဖြစ် ဆောင်ရွက်စေခဲ့ပါတယ်။
`ဝ`ခေါင်းဆောင်တွေကလည်း သူတို့တပ်ဖွဲ့ UWSA နဲ့ သူတို့လူမျိုး ရပ်တည်ဖို့အတွက် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရတာကို သမိုင်းပေးတာဝန်တစ်ရပ်သဖွယ် ဆက်လုပ်နေကြပါတယ်။ ဖြန့်ဖြူးဖို့အတွက် ထိုင်းနိုင်ငံကို ပို့ဖို့အခက်အခဲမရှိပေမယ့် တရုတ်နိုင်ငံကို သယ်ဖို့ကြတော့ ထိုင်းနယ်စပ်ကနေတဆင့် သယ်ပြီးရောင်းချရပါတယ်။ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဖို့ကလည်း အခက်အခဲမရှိပါဘူး၊ ထိုင်းနယ်စပ်ရဲတွေက လမ်းကြောင်းအာမခံချက်ပေးထားတယ်လို့တောင် နယ်စပ်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ `ဝ`ဒေသထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးစိတ်ကြွဆေးပြား တစ်ပြားကို ၈၀၀ ကျပ်နဲ့ တရုတ်ကုန်သည်တွေကဝယ်ယူ၊ မှောင်ခိုလမ်းကြောင်းကနေ ဖားကန့်မှာရှိတဲ့ ကျောက်တွင်း မှော်တွေထဲကိုသယ်ပြီး ဆေးပြားတစ်ပြား ၃၀၀၀ ကျပ်နဲ့ပြန်လည်ရောင်းချပါတယ်။ တရုတ်ကုန်သည်ကြီးများက မူးယစ်ဆေးဝါးရောင်းလို့ရတဲ့ငွေတွေနဲ့ ကျောက်စိမ်းတွေဝယ်ယူ၊ တရုတ်ပြည်ထဲမှာ ပြန်လည်ရောင်းချပြီး တရုတ်ကုန်သည်ကြီးတွေ စီးပွားဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ စီးပွားဖြစ်ချမ်းသာနေတာကတော့ တရုတ်ကုန်သည်တွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ UWSA `ဝ`အဖွဲ့ပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးစွဲပြီး လူညွှန့်တုံးသွားတာကတော့ ဒေသခံကချင်လူမျိုးတွေပါပဲ။ ယခုကာလအတွင်းမှာတော့ KIA အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် မှောင်ခိုလမ်းကြောင်း ခေတ္တခဏရပ်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒေသခံတွေနဲ့ KIA တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကချင်ပြည်နယ် ဖားကန့်ကျောက်မှော်ဒေသမှာ မူးယစ်ဆေးဝါးစိတ်ကြွဆေးပြားတွေကတော့ ဖြန့်ဖြူးဆဲ၊ ဝင်ရောက်ဆဲဖြစ်တယ်လို့သိရပါတယ်။
နောက်ပြီး တရုတ်မူးယစ်ဆေးဝါးကုန်သည်တွေက သူတို့ဆီရောက်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဝယ်ယူရာမှာ ငွေပေးစရာမလိုပဲ `ဝ`တပ်ဖွဲ့အတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ၊ အသုံးအဆောင်ပစ္စည်း တွေနဲ့ တဆင့်ခံလဲလှယ်ပေးပြီး ကျောက်ခေတ်ကုန်ဖလှယ်သလို လဲလှယ်နေကြပါတယ်။ တရုတ် မူးယစ်ဆေးဝါးကုန်သည်ကြီးတွေကတော့ တစ်ကမ္ဘာလုံးကို ပြန်လည်ဖြန့်ဖြူးရောင်းချပြီး အကြီးအကျယ် စီးပွားဖြစ်နေကြပါတယ်။ အရင်တုန်းကတော့ တရုတ်အစိုးရက `ဝ`တွေကို လက်နက်ငယ်တွေကိုသာ ရောင်းတဲ့အဆင့်ကနေ အခုတော့ လက်နက်စက်ရုံတွေ၊ ဒုံးလက်နက်၊ ရဟတ်ယာဉ်၊ စစ်သုံးယာဉ်၊ လက်နက်ကြီးစက်သေနတ်တွေနဲ့ သံချပ်ကာကားတွေကိုပါ ရောင်းချလာပါတယ်။

မူးယစ်ဆေးဝါးနဲ့ ချမ်းသာကြီးပွားနေတဲ့ `ဝ`ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုအဓိကစီးပွားရေး လုပ်ငန်းတွေကတော့ တရုတ်နိုင်ငံအတွင်းမှာရှိနေကြပါတယ်။ `ဝ`ခေါင်းဆောင်တွေက အရင်းစိုက်မထုတ်ရတဲ့ မူးယစ်ဆေးဝါးတွေထုတ်လုပ်ဖြန့်ဖြူး၊ တရုတ်ပြည်ကလည်း ပိုက်ဆံမပေးရပဲ သူတို့ရဲ့ စွန့်ပစ်လက်နက်တွေပေးပြီး မူးယစ်ဆေးဝါးတွေရယူ ဖြန့်ဖြူးရောင်းချပြီး စီးပွားဖြစ်နေတော့ UWSA `ဝ`အဖွဲ့နဲ့ တရုတ် ပေါက်ဖော်ကြီးတို့ရဲ့ အရှုံးမရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးကိုတော့ ဆက်လက်လုပ်ကိုင်ဆဲဖြစ်ပြီး ဘိန်းဖြူနဲ့ ရာမဆေးပြားတွေကလည်း တရုတ်၊ ထိုင်းနိုင်ငံတွေကနေတဆင့် အနောက်နိုင်ငံတွေကို ဖြန့်ဖြူးရောက်ရှိလျက်ရှိကြောင်းကို UWSA `ဝ`ဒေသခံတစ်ဦး ပြောပြချက်အရ သိရှိရပါတယ်။

0 comments:

Post a Comment

LIKE BOX