Friday, May 11, 2012

နာမည်ကြီးချင်သူ ကိုမောပြေနှင့် နားလည်မှုလွဲမှားနေသူအားလုံးသို့

Posted by မျိုးချစ်သူရဲကောင်းများ On 4:41 PM 0 comments


From : Kyawk Min

ကိုမောပြေခင်ဗျား

ကိုမောပြေ The Voice Weekly ကို အလုပ်သင် သတင်းထောက်အဖြစ် စရောက်လာစဉ်ကတည်းက အချိန်တွေကို ကျွန်တော် သတိရမိပါသေးတယ်။ သတင်းဆိုရင် လောဘအလွန်ကြီးတတ်တဲ့ သတင်းထောက်ပေါက်စအဖြစ်လည်း အဲဒီအချိန်ကတည်းက ရာထူး အဆင့်အတန်းတွေရယ်၊ အကြီးရယ်၊ အငယ်ရယ် မခွဲခြားဘဲ သူငယ်ချင်းတစ်ယောက်လို ယနေ့အထိ ဆက်ဆံခဲ့ပါသေးတယ်။ ခင်ဗျားသိမှာပါ ပြောမနာ၊ ဆိုမနာပုံစံမျိုးနဲ့ ဆက်ဆံဖူးတာ။

ကိုမောပြေရဲ့ သတင်းထောက်သက်တမ်း သမိုင်းတစ်လျှောက်၊ ဘာတွေလုပ်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာက အစ ကျွန်တော်သိတယ်ဆိုတာ ခင်ဗျားလဲ သိမှာပါ။

အခု ခင်ဗျားက အဖြစ်မှန်ကို တကယ်ကြုံတွေ့ခဲ့တယ်လို့ ဆိုတယ်နော်။ မနေ့က အစည်းအဝေးတစ်ခုမှာတုန်းက အခြားသက်သေတွေ ဖော်ပြတော့ ခင်ဗျား တိတိပပ ဘာမှ မချေပနိုင်ခဲ့ဘူး။

အခုမနက်လည်းကျရော ခင်ဗျားက ကိုယ်တွေ့ဆိုပြီး စာတစ်စောင်ရေးခဲ့တယ်။ ခင်ဗျားမှာ သက်သေတွေများရှိမလား လို့တော့ သိချင်မိတယ်။

ပေါင်းလာခဲ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းပီပီ ခင်ဗျားတော့ အကွက်ထွင်ပြီလို့ ကျွန်တော်တွေးမိတယ်။ စိတ်တော့မဆိုးနဲ့ဦးနော် အတွင်းသိ၊ အစင်းသိချင်း ဖော်ကောင်လုပ်မိတာကို။ တစ်ချို့ကိစ္စတွေကိုတော့ ခင်ဗျားကို ထောက်ထားပြီး ဖွင့်မချတော့ပါဘူး။ ခင်ဗျားလိုမှ မလုပ်ရက်ပဲကိုး။

ခင်ဗျား ပို့စ်နဲ့ အခြားပို့စ်တွေမှာတွေ့တဲ့ ကွန့်မန့်တွေကို ဖြေရှင်းချင်လို့သာ ဒီစာကို ကိုယ့်ဝေါမှာ တက်ရေးရတာတော့ နားလည်ပေးစေချင်ပါတယ်။

နံပါတ် ၁ က ခင်ဗျားလည်း သိမှာပဲ ကျွန်တော်က ပါတီလက်ကိုင်တုတ်၊ အစိုးရလက်ကိုင်တုတ်၊ အဖွဲ့အစည်းလက်ကိုင်တုတ်လို့ သံသယရှိရင်ပဲ အဲဒီအဖွဲ့အစည်းမျိုးမှာ၊ လုပ်ငန်းမျိုးမှာ အလုပ်လုပ်ဖို့မဆိုထားနဲ့၊ အလုပ်လုပ်ဖို့ စဉ်းစားမယ်ဆိုတာမျိုးတောင် မရှိခဲ့ဘူးဆိုတာ။

နံပါတ် ၂ က ကြံဖွံ့ဂျာနယ်လို့ လူတွေထင်နေကြတယ်။ ခင်ဗျားအနေနဲ့ ခင်ဗျားပို့စ်ကို တာဝန်ယူတဲ့ အနေနဲ့ အဲဒီကွန့်မန့်မျိုးတွေကို ခင်ဗျားခြေဖျက်ပေးသင့်တယ်။

နံပါတ် ၃ က အခု ဒီဂျာနယ်ကို ဘယ်လုပ်ငန်းရှင်ကမှ ပိုင်တာမဟုတ်ဘူး။ ဘယ်သူကမှလည်း ကြိုးဆွဲနေတာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ Weekly Express Times ဆိုတဲ့ သတင်းဂျာနယ်ကို ထမင်းအငတ်ခံနိုင်တဲ့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ထုတ်နေတယ်။ ကိုယ့်ထမင်းကိုယ်စားပြီး အကျိုးအမြတ်ဆိုတာ ဘာမှန်းမသိသေးတဲ့ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ထုတ်နေတာ။

နံပါတ် ၄ က တစ်ချိန်က ဦးအောင်ဇော်မြင့် ပိုင်ခဲ့ဖူးတာ ဟုတ်ပါတယ်။ ဒါပေမယ့် အခု ထုတ်ဝေသူက ကျွန်တော် ကိုယ်တိုင်ပါ ကိုမောပြေ။ ဘယ်သူ့ဆီက ပိုက်ဆံမှ မရပါဘူး။ ပွင့်ပွင့်လင်းပြောရရင် ခင်ဗျားနိုင်ငံရပ်ခြားကရတဲ့ စာမူခလောက်တောင် ကျွန်တော့် အကျိုးအမြတ် မရှိပါဘူ။

နံပါတ် ၅ က ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီကို ထောက်ခံရင် နိုင်ငံရပ်ခြားက စပွန်ဆာကောင်းကောင်းရမှာပဲ ဆိုတာမျိုး မျှော်လင့်နေရင်တော့ ခင်ဗျား မီဒီယာသမားမလုပ်နဲ့တော့လို့ အကြံပေးပါရစေ။

နံပါတ် ၆ က တစ်ဖက်သက်ကြေညာချက်ထုတ်တယ်ဆိုတာထက် တရားဝင်ကန့်ကွက်စာပို့တယ် ဆိုတာ ကျွန်တော့်စာမှာ အရှင်းကြီးပါနေတာပဲ။ မှန်တယ်။ မှားတယ် နှစ်ဖက်စုံစမ်းပြီးရင် အမှန်တရားက ဘယ်မှ မပြေးပါဘူး။ အခွင့်ကောင်းယူ နာမည်ကြီးချင်ရင် သူငယ်ချင်းပေါ်မှာတော့ အမြတ်မထုတ်ပါနဲ့လို့ တောင်းပန်ပါရစေ။

နံပါတ် ၇ န၊ အ၊ ဖ အရေခွံလဲ ကြိုးကိုင်တဲ့ သတင်းဌာနလို့ အချို့က စွပ်စွဲကြတယ်။ ကျွန်တော့်နာမည်ကို ထပ်ကြေညာပါရစေ။ ကျော်ကျော်မင်းပါ။ ဘယ်တုန်းကမှ။ ဘယ်တုန်းကမှ တစ်စုံတစ်ခုရဲ့ ကြိုးကိုင်ချယ်လှယ်တာမျိုး မခံခဲ့ဘူးဖူး။ ခုလဲမလုပ်ဖူး။ နောင်လဲမလုပ်ဖူးဘူး။ ကြိုက်သလို စုံစမ်းပါ။ ကိုမောပြေလဲ သိမှာပါ။ ကျော်ကျော်မင်းဆိုတဲ့ ကျွန်တော် ဘယ်လိုခံယူချက်နဲ့ အလုပ်လုပ်နေတယ်။ ဘာတွေလုပ်ခဲ့ဖူးတယ်ဆိုတာ ကိုမောပြေ သိပါတယ်။

နံပါတ် ၈ ခင်ဗျားအမြတ်ထုတ်တာ အရေးမကြီးပါဘူး။ ကိုမောပြေ ခင်ဗျားကြောင့် မီဒီယာတွေအပေါ် ပြည်သူတွေ အထင်လွဲရင် ခင်ဗျားမှာ တာဝန်ရှိတယ်ဆိုတာလေး ခင်ဗျားကို သတိပေးချင်တယ်။ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုတ်စေချင်ဘူးဗျာ။

နံပါတ် ၉ က ဦးခင်ရွှေဆို ခင်ဗျားတို့ ဘာမှ ပြောမှာမဟုတ်ပါဘူး။ ထက်ထက်မိုးဦး တုန်းက ဘာလို့ ပါးစပ်ပိတ်နေလည်းဆိုတဲ့ ကွန့်မန့်တွေ တွေ့တယ်ဗျာ။ ခင်ဗျားသိပါတယ်။ ထက်ထက်မိုးဦးနဲ့ ပြသနာတက်နေတုန်းက ကျွန်တော်တို့ The Voice Weekly မှာရှိစဉ်မှာပါ။ ကျွန်တော်တို့ The Voice Weekly နှစ်ပတ်တောင် အပိတ်ခံခဲ့ရသေးတယ်။ ဦးခင်ရွှေရဲ့ မီဒီယာသမားတွေကို ဝေဖန်မှု နဲ့ ပတ်သက်ပြီး ကန့်ကွက်တော့ရော ကျွန်တော်တို့ လူနှစ်ရာကျော် လက်မှတ်ထိုးခဲ့တယ်။ ခင်ဗျားပါ၊ မပါ မသိဘူးနော်။ ကျွန်တော်တို့ လုပ်ခဲ့တာလေးကို ပြောတာ။

နံပတ် ၁၀ က ခင်ဗျားအပါအ၀င် တစ်ချို့က အန်တီစုကို ထိခိုက်မှာစိုးလို့၊ အန်အယ်လ်ဒီရဲ့ ရှေ့ရေးကို ထိခိုက်မှာစိုးလို့ဆိုပြီး ကျွန်တော့် ဆီဖုန်းဆက်ကြတယ်။ ကျိတ်ပြီး ဖြေရှင်းလိုက်ပါလားလို့လည်း အကြံပေးတယ်။ ခင်ဗျားစဉ်းစားကြည့်ပါဦး အန်အယ်လ်ဒီက နောက်ဆို အာဏာရပါတီ ဖြစ်လာမယ့်အခြေအနေရှိတယ်။ ကျိန်းသေတယ်လို့ လူတိုင်းယုံကြည်နေတာပဲ။ ခုကတည်းက ကိစ္စသေးသေးလေးတွေဆိုပြီး ကျွန်တော်တို့ မီဒီယာပီပီမရပ်ဘဲ ကျိတ်ဖြေရှင်းရမယ်ဆိုရင် နောင်ရော ------ မီဒီယာဆိုတာက အမှန်တရားအတွက်ရပ်ရမယ်လို့ ခင်ဗျား သင်ကြားဖူးတာပဲ။ အမှန်တရားအတွက်ရပ်မှာလား။ ဟိုလူ့ဆိုရင် ကြိတ်ဖြေရှင်း၊ ဒီလူ့ဆိုရင် အော်ချက်လုပ်၊ ဟိုအဖွဲ့အစည်းဆို တိုးတိုးတိတ်တိတ်ညှိနှိုင်း၊ ဒီအဖွဲ့အစည်းဆိုရင် တရားစွဲဆိုတာမျိုးလုပ်သင့်ပါသလား။

နံပါတ် ၁၁ မီဒီယာတွေက ခုမှ အမေစုက တူတူတန်တန် ဆက်ဆံလို့ လူပါးဝတယ်ဆိုတာမျိုး တွေ့မိပါတယ်။ မီဒီယာ ဆိုတာက နှိပ်ကွပ်ခံရစဉ်မှာလည်း မီဒီယာအလုပ်လုပ်ခဲ့တာပါပဲ။ တူတူတန်တန် ဆက်ဆံခံရတော့ ၀မ်းသာတာပေါ့ဗျာ။ ဒါပေမယ့် ဖမ်းဟယ်၊ ဆီးဟယ်လုပ်တုန်းကလည်း ကျွန်တော်တို့ မီဒီယာအလုပ်တွေကို ပီပီသသလုပ်ခဲ့ဖူးတာပဲ။ ထောင်ထဲရောက်သွားခဲ့တဲ့ သတင်းသမားတွေ အများကြီး ရှိခဲ့ဖူးတာ ခင်ဗျားသိပါတယ်။ ခင်ဗျားကိုယ်တိုင်တောင် အချုပ်ခန်းထဲရောက်နေတဲ့ အချိန် ဘယ်သူလာထုတ်ပေးတာတုန်း။ ကျွန်တော့်အကိုပဲ မဟုတ်ဖူးလား။ ခင်ဗျားမှတ်မိပါတယ်။ ညကြီးသန်းခေါင် ဘယ်သူက လာပြီးခင်ဗျားကို ကူညီကဲ့သတုန်း ကိုမောပြေ။ ဇာတ်တူသားမစားကောင်းပါဘူးဗျာ။

ခင်ဗျားရေးထားတာမဆိုးပါဘူး။ ခင်ဗျားရဲ့ ဖန်တီးနိုင်စွမ်းအနုပညာလည်း တကယ်မြောက်တယ်။ ဒါလည်း ခင်ဗျား ကျွမ်းကျင်တဲ့ ပညာဆိုတာ ကျွန်တော်သိပါတယ်။ ပြောချင်တာတစ်ခုက အမှန်တရားကတော့ ပေါ်ထွက်လာဦးမှာပါ။ အဲဒီတော့ အဖြစ်အပျက်က ဘယ်ဟာမှန်တယ်။ ဘယ်ဟာမှားတယ် ဆိုတာအခု အငြင်းမပွားချင်ဘူး။ ကိစ္စပြီးရင်တော့ မှားတဲ့သူဘက်က တောင်းပန်ကြေးပေါ့။ ခင်ဗျားကြောင့် နစ်နာသွားသမျှကိုလည်း ခင်ဗျားတာဝန်ယူဖြေရှင်းပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

0 comments:

Post a Comment

LIKE BOX