From : ကြေးမုံ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဇွန် ၈ ရက်စွဲဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရသည်။ အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက (၁) အပြစ်မဲပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အကြမ်းဖက် ထိပါးဖျက်ဆီးခြင်းများကို ရှုတ်ချပါကြောင်း။ (၂) အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ သေကြေခြင်း၊ အိုးအိမ်စည်းစိမ်များ ပျက်ပြားခြင်းနှင့် စိတ်သောက ရောက်နေကြသူများအပေါ် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ခံစားရပါကြောင်း။ (၃) အများပြည်သူတို့သည် အေးချမ်းစွာဖြင့် ဥပဒေဘောင်အတွင်း နေထိုင်ရေးကို အထူးလိုလားပါကြောင်း။ (၄) နိုင်ငံတစ်ဝန်း နေထိုင်ကြသော အစ္စလာမ် သာသနာဝင်များသည်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ထုတ်ပြန်ထားသော အထူးမေတ္တာရပ်ခံချက်နှင့်အညီ နေထိုင်ကြပါရန် လိုအပ်ပါကြောင်း။ (၅) နိုင်ငံတော်တည်ငြိမ်ရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်စေရေးအတွက် နှောင့်ယှက်မှုမှန်သမျှကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ထိရောက်စွာ အလျင်အမြန် အရေးယူဆောင်ရွက်ပေးပါရန် သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment