Wednesday, June 13, 2012

ဖြစ်ပွားလျက်ရှိသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ပတ်သက်၍ အဖွဲ့အစည်းပေါင်းစုံက မေတ္တာရပ်ခံချက်များ စုပေါင်းထုတ်ပြန်

Posted by မျိုးချစ်သူရဲကောင်းများ On 10:07 AM 0 comments

From : ခေတ်လူငယ်



လက်ရှိ ဖြစ်ပွားလျက်ရှိသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ပတ်သက်၍ အဖွဲ့အစည်းပေါင်းစုံက မေတ္တာရပ်ခံချက်များ ထုတ်ပြန်၍ ထပ်မံဖြစ်ပွားမှုမရှိစေရန် ကြိုးပမ်းနေကြကြောင်း သိရသည်။ ရခိုင်ပြည်နယ် မြို့သုံးမြို့တွင် ဖြစ်ပွားလျက်ရှိသော ပဋပက္ခမျိုး ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ရခိုင်အမျိုးသားကွန်ရက်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အစ္စလာမ်တံခွန်အဖွဲ့၊ တိုင်းရင်းသားလူငယ်များကွန်ရက်နှင့် သက်ဆိုင်ရာ သာသနာပြုဘုန်းကြီးများက မေတ္တာရပ်ခံချက်များ စုပေါင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ စုပေါင်းထုတ်ပြန်ရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင်စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ဘာသာရေး ကွဲပြားခြားနားမှုအပေါ် ပဋိပက္ခ အနည်းဆုံးနှင့် သည်းခံခြင်းတရား ပြည့်ဝသော လူမှုအဖွဲ့အစည်းလည်း ဖြစ်ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်တွင် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြုသော ပဋိပက္ခများ အဓိကရုဏ်းများ ဖြစ်ပွားနေသည်ကို ကြားသိရကြောင်း၊ ထိုသို့ကြားသိရာတွင် စင်စစ်အားဖြင့် မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ ယဉ်ကျေးသော လူမှုအသိုင်းအဝိုင်းမှ မည်သို့မျှ လက်မခံနိုင်သည့်အပြင် မည်သည့်ဘာသာတရားကမှလည်း လက်သင့်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ယခုအခြေအနေများသည် နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အကျိုးမပြုနိုင်ရုံမျှမက နောက်ကြောင်းပြန်လှည့်သွားနိုင်သော ထောင်ချောက်များသာ ဖြစ်သည်ကို သတိပြုစေလိုကြောင်း၊ ထို့ကြောင့် ဖြစ်ပွားလျက်ရှိနေသော ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုဏ်းများကို ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက မေတ္တာတရားအား အခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ခဲ့ကြကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX