Monday, June 11, 2012

နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြပါစို့

Posted by မျိုးချစ်သူရဲကောင်းများ On 4:52 PM 0 comments



ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတကြီးကတော့ မိဘပြည်သူများသို့ မေတ္တာရပ်ခံ ပန်းကြားချက်ဆိုတဲ့ အသံလွှင့်မိန့်ခွန်းတစ်ရပ် ပြောဆိုသွားခဲ့ပါပြီ။ ရခိုင်ပြည်နယ်၊ ကျောက်နီမော် ဖြစ်စဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမှ်ုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအခြေအနေ တွေဟာ ဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမယ့် အနေအထားကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ သမ္မတကြီး ကတော့ သတိပေးပြောဆိုသွားပါတယ်။
အစိုးရသစ် တက်လာပြီးကတည်းက မိဘပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ (၂) ရပ် ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ အကြောင်း၊ ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယ အဆင့်တက်လှမ်းပြီးတော့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောဆို သွားခဲ့ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန် အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင်ဖြည့်စွက် အသစ်ပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက် ရှိတဲ့အကြောင်း၊ မိဘပြည်သူတွေရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေး အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ခံယူထားတဲ့ အကြောင်းလဲ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲပီပီ ပြောဆိုသွားခဲ့ပါတယ်။
ရခိုင်မှာဖြစ်တဲ့ ပြဿနာနဲ့ပတ်သက်ပြီး အစောပိုင်း ကတည်းက မိဘပြည်သူများကို ထုတ်ဖော်ပြောဆိုဖို့ စဉ်းစားခဲ့ ပေမယ့် မိဘပြည်သူတွေ စိတ်သောက ရောက်မှာစိုးတဲ့ အတွက် ထုတ်ဖော်ပြောဆိုမှု မပြုခဲ့တဲ့ အကြောင်း ပြောဆို သွားခဲ့တာကလည်း သမ္မတကြီးရဲ့ မိဘပြည်သူတွေအပေါ် ထားရှိတဲ့ ဂရုဏတရားကို အထင်အရှားပဲ တွေ့ရှိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့ စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမား လာတာဖြစ်ကြောင်း၊ လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ် နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင်သာမက ပိုမို ကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ် ရှိတဲ့ အကြောင်း၊ အခြားအမှောင့် ပရောဂများလည်း ပါဝင်ပူးကပ်လာနိုင်တဲ့ အကြောင်း၊ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ မြန်မာနိုင်ငံ အနေနဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများအားလုံး အထူးသတိထားကြ စေချင်တဲ့ အကြောင်းလည်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
ဘာသာရေး အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ လူထု လူတန်းစား အဖွဲ့အစည်းအားလုံးနဲ့ မီဒီယာသမားများ အားလုံး အနေနဲ့ အသိတရားနဲ့ယှဉ်ပြီး သတိတရားနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ အထူးလိုအပ်တဲ့အကြောင်း၊ မတည်ငြိမ်မှုများ တည်ငြိမ်သွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရား အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့အတူ ဝိုင်းဝန်း ပူးပေါင်းကာကွယ် ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ သမ္မတကြီးက မေတ္တာရပ်ခံ သွားခဲ့ပါတယ်။
သမ္မတကြီး မေတ္တာရပ်ခံထားတဲ့ အတိုင်း တည်ငြိမ်အေးချမ်းမှု မပျက်ပြားအောင်၊ ဆူပူးအကြမ်းဖက်မှုတွေ ပိုမို ကျယ်ပြန့်မလာအောင် သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်ထားပြီး ကျွန်တော်တို့ မိဘပြည်သူများ အနေနဲ့ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

0 comments:

Post a Comment

LIKE BOX