Monday, May 28, 2012

ပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်များ ပြန်လည်ပြုပြင်နေ

Posted by မျိုးချစ်သူရဲကောင်းများ On 3:23 PM 0 comments


From : ဇော်ဝင်းသန်း
မြန်မာတိုင်းမ်၊ အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)

ကချင်လက်နက်ကိုင် အဖွဲ့များသည် ယခုလ ၁၈ နှင့် ၁၉ ရက်နေ့များတွင် ရွှေလီ-မန်စံ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် အမှတ်-၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ များကို ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

ထိုဖျက်ဆီးခဲ့မှုကြောင့် ဓာတ်အားစနစ် အတွင်း လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ဓာတ်အား လျော့ နည်းပြတ်တောက်ခဲ့ရာ ယခုအခါ အဆိုပါဖျက်ဆီး လိုက်သည့် တာဝါတိုင်များကို ပြန်လည်ပြုပြင်ဆောင်ရွက်နေပြီး မီးပုံမှန် ရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်နေကြောင်း အမှတ်(၂) လျှပ်စစ်ဝန်ကြီး ဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ မေလ ၂၃ ရက်နေ့က သတင်း ထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ပို့လွှတ်နိုင်ရေး အတွက် ယခုလ ၂၂ ရက်နေ့တွင် အရာထမ်း ၁၀ ဦး၊ အမှုထမ်း ၀န်ထမ်း ၁၀၈ ဦးတို့ဖြင့် တာဝါတိုင် အမှတ်-၂၀၆ နှင့် ၂၀၇ တို့အား ပြုပြင်နေရာ တာဝါတိုင်ချဉ်းကပ်လမ်း ဖောက်ခြင်း၊ ကြိုးထိန်းရန် Stay ကျင်းတူးခြင်း၊ Earth Wire ကြိုးနှစ်ချောင်း မြေပြင်တွင် ဖမ်းထိန်းခြင်းစသည်ဖြင့် ရာခိုင်နှုန်းပြည့် အပြီး အစီးဆောင်ရွက် ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လုပ်ငန်းစဉ်အရ တာဝါတိုင်အမှတ်-၂၀၆ အား တာဝါတိုင် ဖျက်ခြင်း ၁၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီး တာဝါတိုင်ဖောင်ဒေးရှင်း မြေတူးခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိ ရသည်။

ထို့ပြင် တာဝါတိုင်အမှတ် ၂၀၇ အား တာဝါတိုင်ဖျက်ခြင်း လုပ်ငန်း ၁၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီး တာဝါတိုင်ဖောင်ဒေးရှင်း ဟောင်းဖျက်သိမ်းခြင်းနှင့် မြေတူခြင်းလုပ်ငန်း၏ ၇၅ ရာခိုင် နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တာဝါတိုင် အမှတ်-၇၃ ကိုလည်း အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

သို့ဖြစ်၍ နွေရာသီ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ နည်းနေချိန်တွင် အများပြည်သူများအတွက် ဓာတ်အား ဖြတ်တောက်မှု များသည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညပိုင်း မီးရရှိရေးအတွက် လက်ရှိဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည့် ဓာတ်အားပေးစက်များ အပြင် ဓာတ်အားပေးစက်အသစ်များ ထပ်မံဝယ်ယူဖြည့် သွင်းပြီး ဖြန့်ဖြူးပေးမည်ဟု အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

စာရင်းအရ ရန်ကုန်မြို့တွင် ဓာတ်အားပေး စက် ၁၁ လုံး၊ မန္တလေးမြို့တွင် ၂၀ လုံး၊ ပြည်မြို့တွင် ငါးလုံးနှင့် မုံရွာမြို့တွင် နှစ်လုံး အသီးသီး ဖြည့်သွင်းဖြန့်ဖြူးပေးနေ ကြောင်း သိရှိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီမှ 2 MW မီးစက်ခြောက်လုံးကိုလည်း လေယာဉ်ဖြင့် တင်ပို့ရန် စီစဉ် နေပြီး တစ်ပတ် အတွင်း မြန်မာပြည်သို့ ရောက်ရှိမည်ဟု သိရှိ ရသည်။

အလားတူ ဓာတ်အားပမာဏ 1 MW ထွက်ရှိသော ဒီဇယ်ဓာတ်အားပေးစက် ခြောက်လုံးကိုလည်း စင်ကာပူ နိုင်ငံမှ မှာယူပြီး တစ်ပတ် အတွင်း မြန်မာပြည်အရောက် ပေးပို့နိုင်ရန်နှင့် General လျှပ်စစ်ကုမ္ပဏီမှလည်း ၂၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော Gas Turbine နှစ်လုံး ကိုလည်း ၀ယ်ယူ ကာ အမြန်ဆုံးရောက်ရှိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX