Friday, June 1, 2012

ပျက်စီးတာဝါတိုင်များ ပြုပြင်ပြီးစီးရန် အနည်းငယ်သာကျန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးအပြည့် ပြန်ပေးနိုင်တော့မည်

Posted by မျိုးချစ်သူရဲကောင်းများ On 3:02 PM 0 comments



From : ခေတ်လူငယ်

မေ ၁၈ ရက်နှင့် ၁၉ ရက်များက ဖောက်ခွဲဖျက်ဆီသူများကြောင့် ပျက်စီးသွားရသော ရွှေလီ-မန်စံ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၇ နှင့် ၂၀၈ တို့မှာ မေလကုန် ဇွန်လဆန်းပိုင်းတွင် ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးတော့မည်ဖြစ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ဖြန့်ဝေပေးနိုင်တော့မည် ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈နှင့် ၂၀၉ တို့မှာ ရာခိုင်နှုန်းပြည့် ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ရာ တာဝါတိုင်အမှတ် ၂၀၇ သာ ပြုပြင်ရန် အနည်းငယ် ကျန်တော့သည်ဟု ဆိုသည်။ အဆိုပါ ဓာတ်အားတိုင်များ ပျက်စီးသွား၍ လျှပ်စစ်ဓာတ်အားပေးနိုင်မှု လျော့ကျခဲ့သဖြင့် မေ ၁၉ ရက်မှစ၍ စက်မှုဇုန်များသို့ ဓာတ်အားဖြတ်တောက်လိုက်ရပြီး အများပြည်သူသို့ အုပ်စုခွဲကာ အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးခဲ့ရာမှ ယခုအခါ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အားအပြည့် ပြန်လည်ပေးနိုင်တော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားအမြင့်ဆုံး ထုတ်လုပ်ပေးနိုင်သော ရာသီမှာ မိုးရာသီဖြစ်ပြီး ရေအားလျှပ်စစ်အပါအဝင် ၁၆၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရာ မိုးရာသီ၌ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၅၆၀ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ နွေရာသီတွင် ရေနည်းသွားသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၃၄၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သော်လည်း ပြည်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၁၈၅၀ မဂ္ဂါဝပ်ဖြစ်ရာ ဓာတ်အားထုတ်လုပ်နိုင်မှုထက် သုံးစွဲမှုက ပိုမိုများပြားနေသဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ရသည်။ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ကုစားရန်အတွက် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်ရန် စီမံစိုင်းပြင်းလျက်ရှိသည်။ ဓာတ်အားပေးစက်ရုံများတည်ဆောက် ရန်အတွက် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ကုမ္ပဏီများက ကမ်းလှမ်းလျက်ရှိရာ ရန်ကုန်မြို့အနီးတွင် ၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ဂျပန်နိုင်ငံနှင့် ဖက်စပ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဓာတ်ငွေ့လောင်စာသုံး ဓာတ်အားပေးစက်ရုံကို တောင်ကိုရီးယား ကုမ္ပဏီနှင့် ဖက်စပ်တည်ဆောက်ရန် သဘောတူပြီးဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓာတ်အားလိုအပ်မှု အထောက်အကူပြုနိုင်ရန် ၁၂၀ မဂ္ဂါဝပ်ဓာတ်ငွေ့တာဘိုင် ၃ လုံးကို ဂျပန်နိုင်ငံမှ ငှားရမ်းအသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

LIKE BOX