Monday, May 28, 2012

မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ရောက်ရှိ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တစ်ဦး၏ ၂၅ နှစ်အတွင်း ပထမဆုံးခရီးစဉ်

Posted by မျိုးချစ်သူရဲကောင်းများ On 4:10 PM 0 comments


မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူစာချုပ်များ၊ IT နည်းပညာနှင့် စက်မှုကဏ္ဍများ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ယခင်ကထက် ယခုအစိုးရသစ် လက်ထက်တွင် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ရန် အိန္ဒိယ၀န်ကြီးချုပ် တစ်ဦး၏ ၂၅ နှစ်အတွင်း ပထမဦးဆုံးခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ယနေ့ည (၇း၀၀) တွင် (၃) ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
မေ (၂၈) ရက်တွင် နိုင်ငံတော်သမ္မတအား ၀န်ကြီးချုပ်နှင့်အဖွဲ့သည်လည်းကောင်း၊ အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များကလည်းကောင်း ဂါရ၀ပြုတွေ့ဆုံမည်ဖြစ်ပြီး၊ နှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် အိုင်တီနည်းပညာနှင့် စက်မှုကဏ္ဍများ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများ ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် စီးပွားရေး ဆွေးနွေးပွဲ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မေ (၂၉) ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြမည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံနိုင်ကြောင်း၊ ညနေပိုင်းတွင် စီဒိုးနားဟော်တယ်တွင် အများပြည်သူများအား ဟောပြောဆွေးနွေးနိုင်ကြောင်း၊ ရွှေတိဂုံ စေတီတော်အား ဖူးမြော်နိုင်ကြောင်း၊ ဇဖားရှားဂူဗိမ္မာန်သို့ သွားရောက်နိုင်ကြောင်း၊ ညပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားမည်ဖြစ်ကြောင်း သံတမန်အသိုင်းအ၀ိုင်းမှ ကြားသိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ်က အိန္ဒိယ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ယခင်က အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးသည် ဒေါ်လာ သန်း ၁,၂၀၀ ခန့်သာရှိပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ သန်း ၁,၅၀၀ ခန့်အထိ ဖြစ်အောင် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ၀န်ကြီးချုပ်ကပြောခဲ့ကြောင်း အိန္ဒိယနိုင်ငံပိုင် မီဒီယာများက ဖော်ပြရေးသားခဲ့ဖူးသည်။

0 comments:

Post a Comment

LIKE BOX